Monday, March 8, 2010

"မညှိးနိုင်တဲ့ စွမ်းအား"

မနက်ခင်း တစ်ခုကို  မွေးဖွားပေးခဲ့သူ..မေမေ
လင်းလတ်လာတဲ့ နေရောင်ခြည်ရဲ့အလှကို
မြင်နိုင်ခွင့်မရခဲ့ဘူး..။

ပန်းပင်လေးတွေ စိုက်ပျိုးခဲ့သူ..မေမေ
ပွင့်လန်းလာတဲ့ ရောင်စုံပန်းလေးတွေက
မေမေ့ပါးပြင်ကို နမ်းရှိုက်ခွင့် မရခဲ့ပြန်ဘူး..။

မေမေ ပြုစုစိုက်ပျိုးပေးခဲ့တဲ့
ကဗ္ဗလာပင်က အသီးတွေကို
မေမေ့သမီးကြီးက ဆွတ်ခူးလို့
ဘုရားလှူနိုင်ပြီ..။

မေမေ ရေးပေးခဲ့တဲ့
ဘ၀နေ့စွဲ စာအုပ်ကို
မေမေ့သား ကျွန်တော်က မှတ်သားလိုက်နာလို့
ဘာသာပြန်နိုင်ခဲ့ပြီ..။

မေမေ့ ဆန္ဒတွေကို
ပြောပြတဲ့နေ့က သီချင်းဆိုနေတဲ့ငှက်လေးက
သားရဲ့ မနက်ခင်းတွေကို
မေမေ့ ဆန္ဒတွေနဲ့ အားဖြည့်ပေးနေတယ်..မေမေ။


Best Thant

Monday, August 17, 2009

ကျွန်တော့်ဘ၀..ရွာကလေး

လူတိုင်းလူတိုင်း ဇာတိချက်ကြွေမွေးရပ်မြေလေတွေရှိကြပါတယ်..။ တောမှာမွေးရင် တောဇာတိ၊
မြို့မှာမွေးတော့မြို့ဇာတိလို့ ဆိုကြတာပေါ့..။ ကျွန်တော်ကတောမှာမွေးတော့ တောဇာတိလို့
ဆိုရမှာပေါ့ဗျာ..။ ကျွန်တော့် ဇာတိချက်မြုတ်လေးကတော့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာရှိတဲ့
တောရွာကလေးတစ်ရွာဖြစ်တဲ့ ဆားလင်းကုန်း ရွာလေးဖြစ်ပါတယ်..။ ဆားလင်းကုန်းရွာကလေးသည်
ရွာဦးရွှေဘုံသာစေတီတော်မြတ်၏ ကြည်ညိုဖွယ်ဂုဏ်၊ ကျောင်းကန်သာ၏ သာယာ လှပပုံတို့ကြောင့်
ကျွန်တော်ရင်ထဲတွင် ထာဝရမမေ့နိုင်သော ရွာကလေးဖြစ်ပါသည်။ ရွာ၏အရှေ့ဘက်တွင် ရွာဦးစေတီ၊
ဘုန်းတော်ကြီးကျောင်းနှင့် ကျောင်းကန်သာတို့ ၏သာယာပုံကို ကျွန်တော် မမေ့နိုင်တော့တာ ၀န်ခံပါတယ်..။
ရွာ၏တောင်ဘက်ရှိ ဥယျာဉ်ကျောင်းတိုက်နှင့် ဆရာတော် ဘဒ္ဒ န္တပဏ္ဌိတ ကို တော့ဘယ်တော့မှ မမေ့နိုင်ပါ..။
ဘာကြောင့်လည်းဆိုတော့ ကျွန်တော့်ဘ၀ရဲ့ ပညာနို့ရည်တိုက်ကျွေးရာ ဆရာတော် ဦးပဏ္ဌိတ နှင့် ဘ၀ရဲ့
သင်ခန်းစာတွေ စတင်ရှာဖွေခဲ့တဲ့ ကျောင်းတော်မဟာ ဖြစ်နေလို့ပါ …ပဲဗျာ..။
ကျွန်တော်(၇)နှစ်သားအရွယ်တွင် ကျွန်တော်မွေးစားမေမေက ဆရာတော်ကျောင်းကို အပ်နှံပေးခဲ့တယ်.။
ကျွန်တော်မွေးစားမေမေဆိုတာက ငယ်စဉ်ကတည်းကမွေးမေမေဆုံးပါးသွား၍ ခေါ်ယူမွေးစားထားသောမေမေ
ဖြစ်ပါသည်..။မှတ်မိပါသေးသည် ကျွန်တော်ကျောင်းကိုစရောက်တဲ့နေ့မှာပဲ တောင်တောရိုးဦးဟံတင်+ဒေါ်လှမြိုင်တို့တောကို ထန်းလျက်အလှည့်ကြသွားယူတဲ့နေ့ပေါ့…။
ကျောင်းသား ကျော်သူ၊ စိုးသူ နှင့်ကျွန်တော်(၃)ယောက်သား တောင်းကိုကြိုးဖြင့်သိုင်းပြီး ထမ်းပိုးလျှို၍
ရှေ့တစ်ယောက် နောက်တစ်ယောက်ထမ်းကာသွားကြသည်.။ လမ်းတွင်ကိုသာညွန့်သရက်ခြံကိုဝင်ပြီး
သရက်သီးခိုးဆွတ်ကြသည်..။ အတော်လေးအချိန်လင့်သွားသည်..။ ကျောင်းပြန်ရောက်တော့ ဆရာတော်ကမေးပြီ သုံးယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ လွယ်လွယ်မဖြေနိုင်ကြပေ..။
ပြီျးမှကျော်သူကသူ့တောဝင်ပြီးထမင်းစားနေကြောင်းနှင့် သရက်သီးခိုးဆွတ်နေကြောင်း အမှန်တိုင်း
လျှောက်ထားလေသည်..။ ဆရာတော်၏မျက်နှာမှာအလိုမကျခြင်းတွေနဲ့ရောယှက်နေသောမျက်နှာဆိုတာကိုကျွန်တော်ရိတ်စားမိလိုက်ပြီ..။
ဘယ်လိုပြစ်ဒဏ်ပေးမလဲဆိုတာ တွေးရင်းကျွန်တော်ကြောက်လာပြီလေ..။ဒူးတွေလည်းတဆက်ဆက်တုန်နေပြီဗျာ..။
ဆရာတော်ကတော့ကျောင်းသားမောင်စိုးကို ကြိမ်လုံးသွားယူရန်အမိန့်ပေးလိုက်ပြီ..။
မောင်စိုးကကြိမ်လုံးကို ဆရာတော်ထံဆက်ကပ်လိုက်သည်..။ဒီတော့မှဆရာတော်ကတော့ကြိမ်လုံးမုန့်
ကျွေးတော့မယ်ဆိုတာသဘောပေါက်သွားသည်.။ ပထမကျော်သူကိုဆရာတော်ကရှေ့ထွက်ခိုင်းပြီး
နောက်ဒါမျိုးမလုပ်တော့ပါဟု ကတိပေးစေပြီး ကြိမ်လုံးမုန့်ကျွေးသည်။ထို့နောက် စိုးသူကြီးအလှည့်။
ကျွန်တော်အလှည့်ရောက်လာပြီကျွန်တော်ကြောက်လှန့်စွာဖြင့်ဆရာတော်အနားရောက်သွားသည်။
ဆရာတော်ကမေးသည် မင်းဘာလို့ သရက်သီးခိုးရလဲ….ကျွန်တော်စားချင်လို့ခိုးပါတယ်ဘုရား..ဟု
ဖြေလိုက်သည်.။ မင်းစားချင်ရင်ဒီလိုပဲခိုးစားတာပဲလာ.ဟုထမ်မံ၍မေးပြန်သည်..။ မဟုတ်ပါဘုရားဟုလျှောက်ပြန်သည်။ မင်းမိဘတွေခိုင်းလို့လား? မဟုတ်ပါဘုရားတပည့်တော်စိတ်နဲ့
တပည့်တော်ခိုးမိကြောင်းပါဘုရားဟုလျှောက်သောအခါ …ဟုတ်ပြီ ..မင်းစိတ်နဲ့မင်းဆုံးဖြတ်တယ်ဆိုရင်
မင်းဘ၀တလျှောက်လုံး ဒီလိုမကောင်းတဲ့ ဘက်ကို ပဲမင်းစိတ်က အမြဲဆုံးဖြတ်ချက်ချသွားမိခဲ့ရင် မကောင်း
တာတွေလုပ်တတ်တဲ့ဒုစရိုက်ကောင်ဖြစ်သွားနိုင်တယ်နော်..မှတ်ထား ..မှန်လှပါဘုရား ..အေးအေး…ဆွမ်းအိုးတွေပြင် …..ပြီးရင် ဘုရားရှစ်ခိုးမယ်..မှန်လှပါဘုရား…ဟု ကျောင်းသားများသံပြိုင်လျှောက်တင်ကာဆွမ်းအိုးပြင်ရန် ဆွမ်းစားတိုက်ဆီသီု့ ခြေလှမ်းတွေလှမ်းခဲ့ကြသည်..။

ကျွန်တော်မမေ့နိုင်တဲ့ အကြောင်းရာလေးတစ်ခုကတော့ မိုးဦးကျ သနပ်ခါးစိုက်ချိန်လေးပါပဲ..။
ကျွန်တော်တို့ရွာကလေးသည် အပူပိုင်းမိုးနည်းရပ်ဝန်းဖြစ် မိုးနည်းပါသည်.။ ထို့ကြောင့် ဒေသနှင့်ကိုက်ညီသော သနပ်ခါး ကိုပဲ အများဆုံးစိုက်ပျိုးကြသဖြင့်သနပ်ခါးစိုက်ပျိုးသောလုပ်ငန်းကို
အဓိကလုပ်ကိုင်ကြသည်..။ မိုးဦးကျ လျှင် သနပ်ခါးခြံ သစ်များတွင် သနပ်ခါးပျိုးပင်ပေါက်များကို အသစ်ထွန်ယက်ပြီးသော မြေတွငိရွေ့ပြောင်းစိုက်ပျိုးကြရသည်..။ သနပ်ခါးတစ်ပင်ဖြစ်ရန်မှာမလွယ်ကူပေ..။
ရှေးဦးစွာအောင်မြင်သောသနပ်ခါးစေ့များကိုလက်ရွေးစင်ရွေးချယ်၍ မြေဆွေးထည့်ထားသောအိုးတွင်
ပျိုးရသည်..။ ပျိုးသက် (၅)လမြောက်သောအခါမှ စိုက်ပျိုးရန်လျာတားထားသောနေရသို့ ရွေ့ပြောင်းစိုက်ပျိုးရသည်..။ စိုက်ပျိုးပြီးပြီဆိုတာနဲ့တပြိုင်နက် (၂)လတစ်ကြိမ် ပေါင်းရှင်းမြေဆွပေးရသည်..။
သက်တမ်း(၇)နှစ်ပြည့်မှပျိုပျိုမေတို့ပါးနုနုလေးတွေပေါ်ကပါးကွက်ကြားလေးအဖြစ်သို့ရောက်ရှိလာရခြင်းဖြစ်ပါသည်..။ ကျွန်တော်လည်းကျွန်တော်ခြံလေးသို့မြေဆွပေါင်းသင်ရန် ပေါက်ပြားထမ်း၍ ထွက်လာခဲပသည်..။
ခြံသို့ရောက်လျှင် အသင့်ပါလာသော ပေါက်ပြားနှင့် မြေဆွနေရာ (၅)လိုင်းပြီးသောအခါခေတ္တနားနေသည်..။
ခဏကြာတော့ အစ်မ မခင်မာဝင်းကရေနွေးကြမ်းနှင့် စားစရာများလာပိုသည်။ မောင်နှစ်မနှစ်ယောက်ရေနွေးကြမ်းသောက်နေခိုက် တစ်ဖက်ခြံမှ ကိုမော်လွင် ရောက်ရှိလာပြီး စပ်မိစပ်လေးများပြောရင်း ရေနွေးကြမ်းအတူသောက်ဖြစ်ကြသည်..။ ကိုမော်လွင်က ” သနပ်ခါး
ကအဓိကလူ့အသုံးဆောင်ပစ္စည်းတော့မဟုတ်ပေမယ့် သူမပါပြန်လည်းမပြီးသေးကြောင်း ” သာဓကနှင့်
ပြောသည်..။ ”သနပ်ခါးက စားစ၇ာတော့မဟုတ်ဘူးကွ ..ဒါပေမယ့် ဆေးအဖြစ်သုံးလို့ရတယ်ဗျာ..။
ပျိုမေတို့ အလှပြင်လို့ရတယ်ဗျာ..၊ သနပ်ခါးအမွေးတိုင်ပြုလုပ်ပြီး ဘုရားလှူနိုင်တယ်ဗျာ ..အဲဒီတော့
ကုသိုလ်ရတာပေါ့” လို့ပြောသည်..။ ပြန်တွေးကြည့်ရင် ဟုတ်တာပေါ့ ဒါတွေတင်ဘယ်ကမလည်း
သနပ်ခါးကို” တိုင်းရင်းဆေးတွေမှာသုံးနိုင်သလို မြန်ဆန်သက်သာဆေးမီးတိုအနေနဲ့လည်းသုံးလို့ရတယ်ဗျ..။
မတော်တဆ ထိခိုက်ဒဏ်ရာတွေကို သနပ်ခါးရွက်ကိုထောင်းပြီး ဒဏ်ရာကိုအုံပေးရင် ဒဏ်ရာမရင်းဘူးလေ..။
ဝမ်းမကောင်းရင် သနပ်ခါးမြစ်ကိုသွေးသောက် ချက်ချင်းပျောက်တယ်နော်..။ သက်ကြီးရွယ်အိုများနေ့စဉ်
သနပ်ခါးမြစ် သွေးလိမ်းရင် အကြောချဉ်တွေကောင်းတယ်လို့ အဘွားကပြောဘူးတယ် ဗျာ……….။
ကျွန်တော်လည်း ကို မော်လွင်စကားကို အာရုံစိုက်နားထောင်လျက်ပေါ့…။
ပြီးမှကိုမော်လွင်က ငါ့ညီသွားမယ်ကွာစကားပြောနေလို့ မဖြစ်သေးဘူးကွ ဒီနေ့ အပင် (၅၀၀၀)ကျော်ကုန်အောင်စိုက်ရအုံးမယ်..နောက်နေ့ မှဆက်တာပေါ့ဟု ..ပြောကာထွက်သွားလေသည်..။
ကျွန်တော်လည်း ပေါက်လက်စမြောင်းကို ဆက်ပေါက်နေတော့သည်……။

ကျွန်တော်ရွာကလေး၏ပတ်ပတ်လည်တွင်သနပ်ခါးခြံများနှင့် သာယာနေတဲ့ရှုခင်းကို ဒီနေ့ထိ မမေ့
နိုင်သေးလို့ အခုလိုတင်ပြရတာပါ ....။ နံ့သာပင်တွေ ပတ်လည်ဝိုင်းနေတဲ့ ကျွန်တော် ရွာကလေးကို
တစ်ခါတစ်ခေါက် လာရောက်ဖို့ ဖိတ်ခေါ်ပါတယ် အဆွေတော်.............................။
သန့်စင်(ကောင်းသန့်စင်)
မွေးရပ်မြေလေးကို....သတိတရတမ်းတပါသောကြောင့်
(၃၀. ၆. ၂၀၀၉)အင်္ဂါနေ့ည(၉း၀၄)နာရီ
ic.bestthant@gmail.com

Best Thant

"သံသရာလွတ်လမ်း"

မင်းလည်းငါလို..
အလျှိုလျှို ရောက်ရအုံးမယ်..
လူ့ဘ၀..........။

ရောက်လာခဏ ..
လူ့ဘ၀..
ကောင်းမြတ်စိတ်ထား..
ပွားများကြ..။

ငါ့ဟာ ၊ငါ့အတွက်..
လောဘသက်..
မဆုံးနိုင်တဲ့..
သံသရာဇာတ်...။

အားငယ်သူကူ..
သီလထူ..
ဖြူစင် ဓမ္မပွားများမှ..
သံသရာမှ လွတ်လမ်းနီး...။


Best Thant

"မိုး"

**စင်္ကြာဝဠာ တစ်ခုလုံး ရွာသွန်းနေတဲ့ မိုးရယ်..
မိုးနဲ့ရခဲ့တဲ့ ဒဏ်ရာတွေက
မိုးစက်လေးတွေထိမှန်တိုင်း
နာကျင်နေသူကို
ကြည့်ရက် နိုင်တာလား?..

**သင်ပေးတဲ့ အကြောင်းပြချက်က
မုန်တိုင်းကြောင့်ပါ ဟုတ်လား?..
ငါ့မှာတော့ ဖြေရှင်းချက်မရှိ
နာကျင်နေပြီပဲ..

**တိုက်ဆိုင်တာပဲလား
ရွာသွန်းလိုက်တိုင်း သဲသဲမဲမဲပါပဲ..
ငါရခဲ့တဲ့ဒဏ်ရာတွေကလည်း
အဲဒီ (လူ) မိုးသည်းထန်တဲ့ နေ့တစ်နေ့ပေါ့...

**ငါ့ကို သနားရင် မိုးရယ်
မင်းရဲ့ရွာသွန်းမှု ကို ရပ်ဆိုင်းပေးပါလား..ကွာ..
ငါ့မှာခံနိုင်ရည်မရှိတော့လို့ ပါ..

**မိုးတွေ သည်းတိုင်း
မိုး အိပ်မက်ဟောင်းတွေပဲ
မက်နေခဲ့ မိတယ်..
လမ်းခွဲ သွားရက်သူ ´နွေမိုး´´´ရယ်...။

Best Thant

Sunday, August 16, 2009

ကျန်နေသူ..

ဆောင်းခိုငှက်တွေလည်း
ရောက်ရောက်လာတယ်
မုန်တိုင်းကြိုငှက်တွေလည်း
ရောက်ရောက်လာတယ်
ပြီးတော့လည်း...
ကိုယ်မျော်လင့်ချက်နဲ့ကိုယ်
ပြန်ပြေးသွားတတ်ကြပေါ့
သူ့မှာသာငူငူကြီးငေးနေခဲ့ရတယ်
ပင်လယ်ရဲ့မျက်နှာကြတ်ဆီက
စိုင်ဖွဲ့လာတဲ့ တိမ်တွေကိုလေ.......။


♫ မင်းကတော့............
ဘာမှမသိတဲ့ ငှက်ကလေး တကောင်ပါ..
ဒါပေမယ့် မင်းပျံသွားတဲ့အခါ .........
ငါ့နှလုံးသား ကိုင်းဖျားလေး.........
တဆတ်ဆတ်ခါ ကျန်နေခဲ့တာ..........
မင်းသိနိုင်ပါ့မလားကွာ.............။

Best Thant

Tuesday, August 11, 2009

ပြန်တမ်းတမိပါတယ်"မေမေ"

ငယ်ငယ်ကတစ်ချိန်..
မေမေခွင့်ကျွေးတဲ့..
ချိုမြိန်မြိန် ထမင်းလေးတစ်လုတ်ကို..
ပြန်တမ်းတမိပါရဲ့......................။


ငယ်ငယ်ကတစ်ချိန်..
မေမေ ဆိုပြတဲ့..
ဖိုးရွှေလ.. သီချင်းနဲ့..
မေမေရဲ့....ရင်ခွင်မှာ..
မှေးစက်ချင်ရဲ့........................။


ငယ်ကတစ်ချိန်...
ပြန်တမ်းတနေမိပါတယ်မေမေ..
မြို့ပြက မီးရောင်စုံသော်လည်း..
မေမေ ရဲ့.. မေတ္တာမီးအိမ်လို...
မလင်းပါဘူး.........................။


ငယ်ငယ်ကတစ်ချိန်..
ပြန်လွမ်းနေမိပါတယ်မေမေ..
မြို့ပြက အဆင့်မြင့်သော်လည်း..
မေမေ... ရင်ခွင်လို..
မနွေးတွေးပါဘူး မေမေ.........။


ရောင်စုံမြို့ပြရဲ့...
အထီးကျန်ညတွေမှာ...
နွေးထွေးတဲ့...
မေမေရင်ခွင်ကို...
ပြန်တမ်းမိပါတယ်....မေမေ......။

Best Thant




ကျေးဇူးရှင်မွေးမေမေ..ကိုသားကန်တော့ပါတယ်မေမေ....။